အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ စိတ်ကျရောဂါ
အခုလို တိုးတက်ဖွံ့ဖြိုးလာတဲ့ (၂၁) ရာစုမှာ ယခင်က လူတွေသတိမပြုမိကြတဲ့ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ပတ်သက်ပြီး Awareness ပိုရလာတာကို မြင်ရတာ ဝမ်းသာစရာပါ။ ဒီလိုစိတ်ကျန်းမာရေးပြဿနာတွေထဲမှာ အဖြစ်အများဆုံးထဲက တစ်ခုကတော့ စိတ်ကျရောဂါပါပဲ။
စိတ်ကျရောဂါဟာ ကမ္ဘာလုံးအတိုင်းအတာနဲ့ လူကြီးလူငယ်မရွေး ဖြစ်ပွားတတ်တဲ့ စိတ်ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး ဒီရောဂါကြောင့်လည်း လူအများစု ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိ ဆိုးရွားစွာ ဒုက္ခပေးနေဆဲပါပဲ။ စိတ်ဓာတ်ကျတာနဲ့ပတ်သက်ပြီး လူတွေမသိသေးတဲ့၊ မထင်ထားတဲ့ အချက်တွေကို ပြောပြပေးရမယ်ဆိုရင်
၁။ စိတ်ကျရောဂါကို အများစုက ဆယ်ကျော်သက်အရွယ်၊ လူကြီးပိုင်းတွေလောက်ပဲ ဖြစ်နိုင်တယ်လို့ ထင်ကြပေမယ့် မထင်မှတ်ထားတာတစ်ခုက အသက်ငယ်သေးတဲ့ လူမှန်းသိတတ်ကာစအရွယ် ကလေးတွေမှာလည်း စိတ်ကျရောဂါ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်နိုင်ပါတယ်။ ကလေးတွေကို စိတ်ကျရောဂါမဖြစ်နိုင်ဘူးအထင်နဲ့ လူကြီးတွေက မကြာခဏ ကျော်သွားတတ်တာကြောင့် ဒီပြဿနာဟာ အသက်ကြီးတဲ့အထိပါလာပြီး ဘဝတစ်လျှောက်လုံး ဒုက္ခပေးနိုင်ပါတယ်။
၂။ အသက် ၃ - ၁၇ နှစ်ကြား ကလေးတွေရဲ့ ၃.၂% (၁.၉ သန်း) မှာ စိတ်ကျရောဂါရှိနေတတ်ပြီး၊ ၇.၁% (၄.၄ သန်း) သော ကလေးတွေမှာတော့ စိုးရိမ်ပူပန်လွန်ကဲတဲ့ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတတ်ပါတယ်။
၃။ လူတွေရဲ့ အသက်အရွယ်ပေါ် မူတည်ပြီး ခံစားနေရတဲ့ စိတ်ကျရောဂါလက္ခဏာတွေဟာ ကွဲပြားသွားနိုင်သလို၊ ယောက်ျားလေးနဲ့ မိန်းကလေးတွေမှာလည်း လက္ခဏာ ကွဲနေတတ်တာမျိုးတွေ ရှိပါတယ်။
အသက်ငယ်သေးတဲ့ ကလေးတွေမှာ
- ကိုယ်လုပ်နေကျ အရာတွေအပေါ် စိတ်ဝင်စားမှု နည်းလာတာ
- စာသင်ကြားမှုအပိုင်းမှာ လစ်ဟင်းလာတာ
- ပျော်ရွှင်မှုမရှိဘဲ အမြဲ မှိုင်တွေနေတတ်တာ
- တခြားကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံခြင်းမရှိဘဲ တစ်သီးတစ်သန့်တည်း နေတတ်တာ
အသက်ကြီးတဲ့ လူကြီးပိုင်းတွေမှာ
- မိသားစုအပေါ် လိုတာထက်ပိုပြီး ခင်တွယ်လာတာ
- ကိုယ့်အနားမှာ မိသားစုမရှိရင် ဘာလုပ်လို့လုပ်ရမှန်းမသိတော့တာ
- ကိုယ့်ဘဝရဲ့ နောက်ဆုံးအချိန်ကိုပဲ တွေးပြီး အိပ်ရာထဲ အချိန်ပြည့်လှဲနေတတ်တာ
- မိသားစုတွေအပေါ် အမြင်မကြည်ဖြစ်ပြီး တွေ့ရာအပြစ်မြင်နေတတ်တာ
မိန်းကလေးတွေကတော့ ပုံမှန်စိတ်ဓာတ်ကျရောဂါလက္ခဏာတွေ ခံစားရတတ်ပြီး ယောက်ျားလေးတွေမှာတော့ ဆန့်ကျင်ဘက်အနေနဲ့
- မှိုင်တွေနေတာမျိုးမရှိဘဲ ဒေါသထွက်၊ စိတ်ဆတ်လွယ်တာ
- အော်ဟစ်သောင်းကျန်းပြီး အနားမှာရှိတဲ့ ပစ္စည်းတွေကို ဖျက်ဆီးလိုတာ
- ကိုယ်ထိလက်ရောက် တခြားသူတွေကို စော်ကားတတ်တာ
- ကိုယ့်ရဲ့ စိတ်ဓာတ်ကျနေတယ်ဆိုတဲ့ အဖြစ်မှန်ကို လက်သင့်မခံဘဲ ငြင်းဆန်နေတတ်တာ စတာတွေကို တွေ့ရနိုင်ပါတယ်။
အသက်အရွယ်ပိုင်းဆိုင်ရာ၊ မွေးရာပါလိင်နဲ့ ကြီးပြင်းလာတဲ့ အခြေအနေတွေပေါ် မူတည်ပြီး လူတစ်ယောက်နဲ့တစ်ယောက် ခံစားနေရတဲ့ ဝေဒနာချင်း၊ ထုတ်ဖော်ပြသတဲ့ ပုံစံချင်းမတူညီပါဘူး။ တချို့တွေမှာ ကိုယ့်စိတ်ကျရောဂါနဲ့ ပတ်သက်ပြီး အရှိအတိုင်းလက်ခံလို့ တခြားသူတွေဆီကနေ အကူအညီကို ပွင့်ပွင့်လင်းလင်း တောင်းခံတတ်ကြပေမယ့် တချို့တွေမှာ ကိုယ့်ရောဂါကို လုံးဝလက်သင့်မခံသလို ခံစားနေရသမျှ မျိုသိပ်နေတတ်တာမျိုးလည်း ရှိပါတယ်။
ဒါကြောင့် ကိုယ့်အနီးပတ်ဝန်းကျင်မှာ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကို တွေ့ရပြီဆိုရင် သင့်အနေနဲ့၏
၁။ တတ်နိုင်သလောက် စိတ်ခွန်အားပေးတာ၊ ချီးကျူးပေးတာ၊ စကားပြောဆိုဆက်ဆံပြီး ရင်းရင်းနှီးနှီးနေတာမျိုး လုပ်ပေးပါ။
၂။ သူ့အတွက် လိုအပ်တဲ့အချိန်တိုင်း ကိုယ်ဟာ အမြဲအဆင်သင့်ဖြစ်ပေးနိုင်တဲ့အကြောင်း ပြောပြပါ။
၃။ အများကြီးမကူပေးနိုင်ရင်တောင် အဲဒီသူ ရင်ဖွင့်လာမယ့်အခြေအနေကို စောင့်ဆိုင်းပါ။ ရင်ဖွင့်လာတဲ့အခါ သေချာနားထောင်ပြီး သူဘာတွေခံစားနေရတာလဲဆိုတာကို သေချာသုံးသပ်ကြည့်ပါ။
၄။ သူ့ရဲ့မိသားစုဝင်တွေကို ကိုယ့်စိတ်ထဲက သံသယတွေကို ရင်ဖွင့်ရင်း အားလုံးဝိုင်းပြီး တတ်နိုင်တဲ့နေရာက ကူညီပေးဖို့ အဆင်သင့်ရှိနေပေးပါ။
၅။ လိုအပ်လာတဲ့အခါ စိတ်ကျန်းမာရေး ပညာရှင်တွေနဲ့ ဆွေးနွေးရင်း ကုသမှုခံယူဖို့ အကြံပေးပါ။
ရဲမျိုးမြတ်